Options:

ငါဘုရားတောင် ကျောကော့တော်မူရတယ်

တစ်ခါက ဘုရားရူးရူးနေတဲ့ စိတ်မနှံ့ရှာတဲ့ ကိုရင်ကြီး တစ်ပါးရှိသတဲ့။ ဦးနှောက်က သိပ်မပြည့်ရှာပေမယ့် စိတ်ရင်းကောင်းတဲ့ ကိုရင်ကြီးကို ကိုရင်လေးတွေ ကျောင်းသားတွေက လေးစားကြပါတယ်။


 တနေ့ သူ့ရောဂါ ဗုဒ္ဓမနေးယား ထလာတော့ ကိုရင်ငါးပါးကိုခေါ်၊ သူ့ဘေးမှာအထိုင်ခိုင်းပြီး ဓမ္မစကြာဟောတမ်း ကစားတယ်။ သူက ဘုရား၊ ကိုရင်ငါးပါးကတော့ ပဉ္စဝဂ္ဂီတွေပေါ့။ နာမည် တွေတောင် သေသေချာချာပေးတာ။ ဘယ်သူက ကောဏ္ဍည၊ ဘယ်သူက ဝပ္ပ စသဖြင့်ပေါ့။

ဒါကို ဆရာတော်မြင်သွားတော့ တော်တော်စိတ်ဆိုးသတဲ့။
ဒီပြင့် ကစားနည်းတွေ အများကြီးရှိတာပဲ။ ကစားပါတော့လား။
ခုတော့ ဘုရားလုပ်တမ်းများ ကစားရတယ်လို့ ဆိုပြီး 
ကိုရင်ကြီး ( ဘုရား ) နဲ့ ကိုရင်ငယ်ငါးပါး ( ပဉ္စဝဂ္ဂီ ) တို့ကို ကြိမ်နဲ့ ရိုက်သတဲ့။ ကိုရင်ကြီးကိုတော့ ငါးချက်၊ ကိုရင်လေးငါးပါးကိုတော့ တစ်ချက်စီ။

 ကျောင်းအောက်ပြန်ရောက်လို့ ကိုရင်ကြီး ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ နောက်ဆိုမရိုက်တော့ပါဘူးကွာလို့ ဆရာတော်က တိုးတိုးလေး ရွတ်လိုက်သတဲ့။ 

ကိုရင်ကြီးပြောလိုက်တာက

 “သာဝကတို့… ဒုက္ခသစ္စာကို သိကြပြီနော်။ ဆရာတော်က လက်သံပြင်းသကွဲ့။သာဝကတို့က တော်ပါသေးသကွယ်။ ဒုက္ခ တစ်ချက်စီပဲရလိုက်တယ်။ ငါဘုရားရှင်မှာတော့ ဒုက္ခငါးချက် မို့ ကျောကော့အောင်ခံစားတော်မူလိုက်ရသကွဲ့“ ။
(ကြားဖူးနားဝပုံပြင်)


ဦးကိုမောင်

ကျွန်တော်ဖြတ်လိုက်ပြီ


အပြင်မှာ မိုးတွေရွာနေသည်…မိုးရွာနေတာ တကယ်တော့မဆန်း. မိုးက အခုလိုပဲ
မကြာခဏ ရွာနေကျမဟုတ်လား.ဒါပေမယ့် ရွာနေတဲ့မိုးနှင့် လိုက်ဖက်ဖို့
ကျွန်တော့်အတွက် တစ်ခုခုလို အပ်နေသလို ဖြစ်နေသည်၊ မိုးရွာပြီဆိုလျှင်
ယခင်က အသားကျနေကျအတိုင်း ယခုမဟုတ် တော့…  ကျွန်တော့်ရဲ့ရင်
ကျွန်တော့်ရဲ့လက် ကျွန်တော့်ရဲ့ပါးစပ်တွေအားလုံး…… လိုအပ်မှု တစ်ခု၏
ဆိုးဝါးမှုဒဏ်ကို အံတစ်ကြိတ်ကြိတ်…၊
       သူမကို ကျွန်တော်သိပ်ချစ်သည်၊ သူမသည် ကျွန်တော့်ကို ကောင်းကျိုးတစ်ခါမှ
မပေးသော်ငြား ကျွန်တော်ကတော့ အဆိုးမမြင်ရက်ခဲ့…လူတွေက သူမအကြောင်း
မကောင်း တာတွေ ပြောပြီး သူမနှင့်ကျွန်တော့်ကို သွေးခွဲကြသည်၊ ဒါပေမယ့်
သူရော ကျွန်တော်ပါနှစ် ယောက်စလုံး မတုန်လှုပ်ခဲ့၊ အားလုံးရဲ့
သွေးခွဲစကားတွေကို ခ၀ါချပြီး ကျွန်တော်တို့ရဲ့ အချစ်ကို အပြုံးမပျက်
သက်သေပြမြဲ…အထူးသဖြင့် ကျွန်တော်ပေါ့..သူမအကြောင်း မကောင်းပြော လာရင်
တနည်းနည်းနှင့် ကျွန်တော်တုန့်ပြန်တတ်မြဲ..သူမအကြောင်း မကောင်းပြောတာကို
ကိုယ့်မကောင်းကြောင်း ပြောတာထက် ကျွန်တော်နာတတ်ခဲ့သည်၊ လူတွေကတော့
ပြောကြသည်၊ “မင်း အချစ်က မျက်ကန်းအချစ်ပါကွာ” တဲ့၊ “မျက်ကန်းတစ္ဆေမကြောက်
သလိုမျိုး အသိတရားမရှိလို့ မင်းသူ့ကို ချစ်နေတာပါ” တဲ့..”သူ့အကြောင်းကို
မင်းသိလာတဲ့တစ်နေ့ မင်း တို့ရဲ့စေတနာကို နားလည်လာမှာပါ”
တဲ့..အဟား..ရယ်ရတယ်၊ စေတနာတွေတဲ့..တစ်ယောက်နှင့်တစ်ယောက် အသက်ပေါက်မတတ်
ချစ်နေကြတဲ့ သူနှစ်ယောက်ရဲ့ ချစ်ခြင်းကိုခွဲတာဟာ စေတနာတဲ့လား၊ သူတို့တွေ
ကျွန်တော့်ကို တကယ်စေတနာထားတာလည်း ဖြစ်ချင်ဖြစ်မည်၊ ဒါပေမယ့် သူတို့တွေ
စိတ်ချမ်းသာ ဖို့အတွက်တစ်ခုတည်းနှင့် ကိုယ့်ဘ၀ကြီးတစ်ခုလုံးကိုတော့
မစတေးပစ်နိုင်ဘူးလေ…သူမကို ကွာပြဲလိုက်ဖို့ပြောတာဟာ ကျွန်တော့်ဘ၀ကို
စတေးခိုင်းတာနှင့် ဘာများထူးအုံးမှာလဲ၊ အခုအချိန်မှာ သူဟာ
ကျွန်တော့်ရဲ့ဘ၀ပါပဲ… သူမကတော့ ထုံးစံအတိုင်း ဘာမှမပြော ရှာပါဘူး..
ကျွန်တော်လိုချင်တဲ့အချိန်တိုင်းမှာ သူဟာ ကျွန်တော့် ဘေးနားမှာ
အခါတိုင်းလိုပဲ ဘာမှမပြောင်းလဲ… အားနာလိုက်တာကွယ်..
        တကယ်ဆိုရင် အဲဒီသူမအကြောင်း မကောင်းပြောတဲ့သူတွေ ပြောတဲ့စကားတွေ
ကိုတောင် ကျွန်တော်နားမထောင်ခဲ့သင့်ပါဘူး…ဒါဟာ သူမအပေါ်မှာ ကျွန်တော်အလေးမ
ထားရာများ ရောက်နေမလား…နောက်တော့ လူတွေပြောတာကို ကျွန်တော်သိပ်နား
မထောင်ဖြစ်တော့.. သူမအပေါ်ထားတဲ့ကျွန်တော့်ရဲ့အချစ်ဟာ ဘယ်လောက်တောင်
လေးနက်သလဲဆိုတာကို သူမြင်အောင် ပြချင်သည်၊ ဒါပေမယ့် ရိုးသားစွာဝန်ခံရရင်
သူမရဲ့ကျွန်တော့်အပေါ်ထားတဲ့ မေတ္တာအတိမ်အနက်ကိုတော့
ကျွန်တော်မသိ…ကျွန်တော် သိနေသည်က သူမဘ၀မှာ ကျွန်တော် မရှိလို့
ဖြစ်ချင်ဖြစ်မည်၊ ကျွန်တော့်အတွက်တော့ သူမရှိလို့ မဖြစ်ဆိုတာပါပဲ၊
ကျွန်တော်က အစွဲအလမ်းကြီးသလောက် အပေါင်းအသင်းက လည်းနည်းသည်၊
နောက်ပြီးတော့ ကျွန်တော်က အတွေးသမား…စာလည်း နည်းနည်းပါးပါး
ရေးလိုက်သေးသည်၊ တွေးနေတဲ့အခါမှာပဲဖြစ်ဖြစ်.. စာရေးနေတဲ့အခါမှာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာဆူညံနေတာမျိုးကို ကျွန်တော်မကြိုက်… သူမကတော့  အဲလိုမျိုး
အချိန်တွေမှာ ကျွန်တော့်လိုအပ်မှုတွေနှင့် အကိုက်ညီဆုံးပါပဲ…သူမကြောင့်ပဲ
ကျွန်တော့်ရဲ့ အတွေးတွေဟာ ပိုပြီးပီပြင်ခဲ့သည်၊ ကျွန်တော်
စိတ်ညစ်နေတဲ့အခါ သူမဆီက တစ်စုံတရာ ဖြေသာစရာစကားကို
ကျွန်တော်မမျှော်လင့်မိပါဘူး…သူမ ကျွန်တော့်ကို ဘာမှလည်း
ပြောစရာမလိုပါဘူး.. ကျွန်တော့်ဘေးမှာ သူရှိနေရင်ပဲ ကျွန်တော့်အတွက်က
ဖြေသာစရာဖြစ်ရပါပြီ…သူမက အဲလောက်ထိ ကျွန်တော့်ကို
လွှမ်းမိုးနိုင်တဲ့သူလေ…သူဟာ ကျွန်တော့်အတွက်တော့ အရာအားလုံးထက်
ဖြေသာစရာကောင်းတဲ့သူပါ…
ယနေ့ရာသီဥတုက တစ်မျိုးဖြစ်နေသည်၊ နေ့ခင်းက ပူခဲ့သလောက် ညနေရောက်တော့
ကောင်းကင်ပြင်တစ်ခုလုံး ငိုတော့မယ့် အလွမ်းသမလို
မှိုင်းမှိုင်းညို့ညို့…မကြာခင် ကိုရွှေမိုးရွာချေဦးတော့မည်၊ ဒါပေမယ့်
နေပူတာထက်စာရင် မိုးရွာတာကို ကျွန်တော်ကြိုက်သည်၊ တစ်ခါတရံ
မိုးစက်တွေကြားမှာ အပူအပင်ကင်းကင်းနှင့် လမ်းလျှောက်ရသည်ကိုလည်း
နှစ်သက်မိရသေးသည်၊ ကျွန်တော့်အတွက် မိုးဆိုတာ အေးမြခြင်းရဲ့နိမိတ်ပါပဲ…
မကြာပါချေ…ဘယ်တုန်းက အညိုးတွေကြောင့်ရယ်မသိ၊ ဘယ်တော့မှ
မရပ်တော့မည့်အသွင်သဏ္ဍာန်ဖြင့် ကိုရွှေမိုးရဲ့ညာသံတွေက
တိုက်လေယဉ်သံတွေနှင့်မခြား… တစ်လောကလုံး တဝေါ..ဝေါဟူသော အသံမှတပါး
ကျန်တာမကြားရ၊ ဆောင်းထားသော ထီးသည်လည်း ပြင်းထန်လှသော မိုးဒဏ်ကို
မကာနိုင်ရှာ… ထီးဆောင်းထားသော်လည်း မဆောင်းထားတာနှင့်မခြား.. ကျွန်တော့်
တစ်ကိုယ်လုံး စိုရွှဲကုန်သည်၊ စောင့်နေသည့် ကားကလည်း အတော်နှင့်
ပေါ်မလာ…ကားမှတ်တိုင်တွင် နာရီဝက်ထက်မနည်း ဒုက္ခခံလိုက်ရသည်၊ ညရောက်တော့
ကျွန်တော့်တစ်ကိုယ်လုံးရှိ အားအင်တွေကို တစ်စုံတစ်ယောက်က ယူပစ်လိုက်သလို
ခံစားရသည်၊ ခေါင်းကလည်း ကိုက်သည်၊ ဟုတ်သည်၊ ကျွန်တော်
နေမကောင်းဖြစ်သွားပြီ်၊
မနက်ရောက်တော့ ကျွန်တော့်အခြေအနေက ပိုဆိုးလာသည်၊ ဖျားရုံတွင်မက
ထုံးစံအတိုင်း ချောင်းပါဆိုးလာသည်၊ အခုတလော ကျွန်တော်နေမကောင်း
ဖြစ်တိုင်းဖြစ်တိုင်း ချောင်းဆိုးကပါ ပါလာတတ်သည်၊ ဒါပေမယ့် ဒီတစ်ခါ
ဆိုးသည့်ချောင်းက သာမာန်မဟုတ်၊ တစ်ခါတစ်ခါ ဆိုးလိုက်သော ချောင်းများတွင်
အသက်ပင် ပါသွားလောက်ပြီဟု ထင်မှတ်ရလောက်အောင်ပင် ချောင်းကဆိုးသည်၊
ရင်ဘတ်ထဲကလည်း နာသည်၊ မိုးကို ချစ်သောကျွန်တော် ဒီတစ်ခါတော့ မိုးကို
မုန်းမိခဲ့သည်၊ ဒီမိုးကြောင့် ကျွန်တော်ဒီလိုဖြစ်နေရတာ မဟုတ်လား..
ကျွန်တော့် အဖြစ်ကို ကြည့်ပြီး လူတစ်ချို့ကတော့
စုတ်တသတ်သတ်နှင့်ပေါ့…သူတို့ ကျွန်တော့်ကို ကြည့်နေတဲ့ပုံက
တစ်မျိုးပါပဲ….ကျွန်တော့်မှာပဲ အပြစ်ရှိနေသည့်ပုံစံမျိုးလိုလို…
ကျွန်တော်ကတော့ ဘယ်သူနှင့်မှ စကားပြောချင်စိတ် မရှိ… သူကတော့
ထုံးစံအတိုင်း ကျွန်တော့် ဘေးမှာ…ဒါပေမယ့် သူ့ကိုလည်း အခါတိုင်းလို
အရေးတယူလုပ်ချင်စိတ်မရှိ… သူ့ရဲ့အတွေ့အထိတွေ့ကလည်း ကျွန်တော့်ကို
အခါတိုင်းလို ထူးထူးခြားခြား ခံစားမှုကို
မဖြစ်စေခဲ့…ထူးထူးခြားခြားအဖြစ်ရဆုံး ကတော့ သူမကို
ကျွန်တော်နှင့်ဝေးဝေးမှာ ရှိနေစေချင်တဲ့စိတ် ပထမဆုံး
ပေါ်ပေါက်လာခဲ့ခြင်းပါပဲ၊ သူမနှင့်ပတ်သက်ပြီး ကျွန်တော့်စိတ်တွေ
တစ်မျိုးဖြစ်နေ သည်၊ အံ့သြစရာကောင်းလောက်အောင်ပင် သူမသည် ကျွန်တော့်အတွက်
အသုံးမ၀င်သလို  ဖြစ်နေသည်၊ ပြီးတော့ သူမကို ကျွန်တော်ကိုယ်တိုင် အဓိပ္ပယ်
မဖော်နိုင်သော အကြည့်မျိုးဖြင့် မကြာခဏ ကြည့်နေမိသည်၊ သူမကို ကျွန်တော်
ဘာကြောင့် ထိုကဲ့သို့ကြည့်မိသည်ကို ကျွန်တော်လည်းမသိ၊ ထို့ပြင် ကျွန်တော်
အရမ်းခုံမင်နှစ်သက်ခဲ့ရသော သူမ၏ ကိုယ်သင်းရနံ့တို့သည်လည်း အခုအခါမှာတော့
ကျွန်တော့်အတွက် အဆိပ်ငွေ့ကို ရှူနေရသလိုမျိုးဖြစ်နေသည်၊  သူမကတော့
သူ့ထုံးစံအတိုင်း “ဘာကြည့်တာလဲ”လို့ တောင် မေးဖော်မရ၊ ကျွန်တော့်ဘေးမှာ
တည်တည်ငြိမ်ငြိမ်လေးပေါ့…အဲဒီနေ့ကတော့ ကျွန်တော့်ရဲ့
စူးရှတဲ့အကြည့်တွေနှင့် သူမရဲ့တည်ငြိမ်မူတို့ အားပြိုင်ခဲ့ရတဲ့နေ့ပါပဲ…
       ညနေပိုင်းတွင် ကျွန်တော်တစ်ယောက်တည်း နေချင်သည်ဆိုသောကြောင့် သူမ
ထွက်သွားသည်၊ ဒါဟာ ပထမဆုံး သူမနှင့်ကျွန်တော် ဝေးဖူးခြင်းပါ…
ထိုအချိန်တွင် သူငယ်ချင်းတစ်ယောက် သတင်းလာမေးရင်း ကျွန်တော်
ပျင်းနေမှာစိုးလို့ဆိုပြီး ပုံပြင်လေးတစ်ပုဒ်ကို ပြောပြသည်၊
အလွန်အစွမ်းထက်သော ကဝေမလေးတစ်ယောက် အကြောင်းပေါ့.. ပုံပြင်ထဲတွင်
အဓိကဇာတ်ဆောင်နေရာတွင် ပါဝင်သည့် ကဝေမကလည်း အရင်ကျွန်တော်ကြားဖူးနေကျ
ပုံပြင်တွေထဲကလို ကြောက်စရာအသွင်သဏ္ဍာန်နှင့်မဟုတ်၊ သူမသည် အလွန်လှသည်၊
သူမရဲ့အလှကို ကြည့်ပြီး သူမကို ကဝေလို့တောင် ထင်ရက်စရာမရှိဟု ဆိုသည်၊
သူမသည် လှပရုံသာမက အပြောအဆိုလည်း ယဉ်ကျေးသိမ်မွေ့သည်၊ အနေအထိုင်လည်း
ကျစ်လစ်သည်၊ သူမကို ပြောစရာဆိုလို့ တစ်ခုပဲရှိသည်၊ သူမကို
ချစ်မိသူတိုင်းကို အညာတာကင်းမဲ့စွာ သတ်ပစ်တတ်ခြင်းပါပဲ….
သူငယ်ချင်းပြောနေသည်ကို နားထောင်ပြီး
ကျွန်တော့်ရဲ့ကိုယ်တွေ့အဖြစ်အပျက်ကလေး ကိုလည်း သတိရမိသည်၊ အရင်
ကျွန်တော်တာဝန်ကျရာဒေသတွင် ကောင်မလေး တစ်ယောက်ကို ကျွန်တော်တွေ့ဖူးသည်၊
ပြည်မနှင့် ဆက်သွယ်ရေးခေါင်းပါးလှသော ဒေသတွင် နေရသော်လည်း သူမသည်
အလွန်မှပင် စမတ်ကျ၏၊   ချော၏၊ လှ၏၊ သူမ၏ အသားအရေတို့သည်
ခရုသင်းကလေးလိုပင် ဖြူစွတ်ချောမွတ်လှ၏၊ သူမ၏နာမည်ကလည်း သူမ၏အလှနှင့်
လိုက်ဖက်စွာပင် ကဗျာဆန်စွာ လှပ၏၊ သူမနှင့် ကျွန်တော် ရင်းနှီးခွင့်ရ၏၊
ထို့ကြောင့် သူမ၏ ဖော်ရွေမှုကို သိခွင့်ရသည်၊ သူမကို ကြည့်ပြီး လောကကို
အလှဆင်ဖို့ ဖန်ဆင်းရှင်းတွေကများ သူမကို လွှတ်လိုက်လေသလားဟုပင်
တွေးမိရသည်၊ မကြာမီ ကျွန်တော်မျှော်လင့်မထားသော အကြောင်းအရာတစ်မျိုးဖြင့်
သူမအကြောင်းကို သိခွင့်ရသည်၊ တကယ်ကို မယုံကြည်နိုင်စရာသတင်းစကားပါပဲ…
သူမသည် လူတစ်ယောက်ကို ရူးသွပ်သွား စေနိုင်သည်အထိ
ပြုစားနိုင်တဲ့ကဝေမတစ်ယောက်တဲ့လေ၊ အလွန်ပဲ အံ့သြရပါသည်၊
ကဝေမတစ်ယောက်နှင့် သူမရဲ့ချစ်စရာအသွင်သဏ္ဍာန်..ဘယ်လိုမှ ကျွန်တော်
ဆက်စပ်ပေါင်းကြည့်၍မရ… ထိုအကြောင်းကို စသိရခါကစကဆိုလျှင် ကျွန်တော်လုံးဝ
မယုံကြည်၊ မဖြစ်နိုင်ဟုသာ ထင်မိသည်၊ သို့သော် သူမပြုစားခံထားရသည့်သူတွေက
ရွာထဲတွင် တစ်ယောက်မက နှစ်ယောက်မကဆိုတော့ ကျွန်တော်ယုံသွားရသည်၊
နောက်ပြီး သူမ၏ ပြုစားချက်ကြောင့် စိတ်ကယောင်ခြောက်ခြားဖြစ်ကာ
ဂေါက်တောက်တောက်ဖြစ်နေသော ကောင်လေးတစ်ယောက်ကိုလည်း တွေ့ခဲ့ရသေးသည်၊
ကျွန်တော် အလွန်အံ့သြရသလို သူမအတွက် အလွန်လည်း စိတ်မကောင်းဖြစ်မိသည်၊
နောက်ပိုင်း သူမကို မြင်ရသည့်အခါတိုင်း သူမကို နှမြောတသသည့်စိတ်တွေက
ရင်ထဲကို ဘယ်လိုက ဘယ်လို ၀င်ရောက်လာမှန်းပင် မသိ၊ ဖြစ်နိုင်လျှင် သူမကို
ထိုကဲ့သို့ဖြစ်မနေစေချင်… သူမရဲ့အလှလိုပဲ သူမ၏ ဘ၀ကိုလည်း လှပစေချင်မိသည်၊
 ဒါပေမယ့် လောကဆိုတာက ကျွန်တော်တို့ထင်မှတ်မထားသော ကျွန်တော်တို့
မျှော်လင့်မထားသောပုံစံအမျိုးမျိုးဖြင့် ကျွန်တော်တို့ကို အမြဲတမ်းလိုပဲ
မျက်လှည့်ပြနေကျမဟုတ်လား… တစ်ခါတရံ ကျွန်တော်တို့ မနှစ်မြို့တဲ့
အဖြစ်အပျက်တွေက လက်တစ်ကမ်းအလိုမှာ ဖြစ်နေတာတောင် ကျွန်တော်တို့တွေ
လက်မှိုင်ချကြည့်နေခဲ့ကြရတာလည်း အကြိမ်ကြိမ်ရယ်ပါပဲ… ဘယ်လို
အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လောကကို ကျွန်တော်တို့ မေးခွန်းထုတ်လို့မရ…
အလိုမကျစရာ တစ်ခုခုပေါ်လာရင် ကိုယ့်ကိုယ်ကိုသာ မေးခွန်းထုတ်ရင်း
နေသားကျအောင်သာ ကျွန်တော်တို့ ကြိုးစားကြရမြဲ….
 သို့သော် သူမသည် အရက်စက်ဆုံး ကဝေတစ်ယောက်တော့မဟုတ်၊
သူငယ်ချင်း၏ပုံပြင်ထဲက ကဝေမက သူမထက် ပို၍ရက်စက်သည်၊ သူမ၏ ပြုစားချက်တွေက
ပို၍ ပြောင်မြောက်ပြီး ပိုပြီးလည်း ပဉ္စလက်ဆန်သည်၊ ကျောချခံရတာတောင်
ဓားပြမှန်း မသိနိုင်တဲ့ပြုစားချက်တွေပေါ့၊ သူမ၏ အပြုစားခံထားရသူတိုင်း
သူမကို အကောင်းဆုံး အဖော်မွန်အဖြစ် သတ်မှတ်ကြသည်၊ သူမ မရှိလျှင်
သူတို့၏ဘ၀သည် အဓိပ္ပါယ်ကင်းမဲ့သလို
ဖြစ်သွားတတ်သည်တဲ့လေ…သူမနှင့်ပတ်သက်သူတိုင်း သူမနှင့် ကင်းကွာပြီး
တစ်ရက်ကလေး တောင် မနေနိုင်ကြ…ဒီလိုမျိုး သူမ၏ ပြုစားမှုကို
ခံထားရသူတွေကလည်း တစ်ယောက်ထဲ မဟုတ်…ပြောရမည်ဆိုလျှင် သူမရောက်သော
နေရာတိုင်းက လူအတော်များများ…သူမ၏ ပြုစားမှုကို ခံကြရသည်၊ သူမရဲ့ အလှကလည်း
ပြစ်မျိုးမှဲ့မထင်တဲ့ အလှမျိုးမဟုတ်လား.. ဒီတော့လဲ လူအတော်များများ
သူမရဲ့ အလှမှာ နစ်မျောမိကြသည်၊ သူမရဲ့ ကိုယ်ပွားတွေ ကလည်း နေရာအနှံ့မှာ
ရှိနေသည်တဲ့.. သို့သော် ကိုယ်ပွားနှင့်သူမ မည်သို့မျှမခြား…
စိတ်ညစ်စရာ တစ်စုံတစ်ရာ ကြုံတွေ့ရပြီဆိုလျှင် သူမက အနားတွင် အကောင်း
ဆုံးအနေအထားဖြင့် အကောင်းဆုံးအဖော်မွန် ဖြစ်နေတတ်သည်တဲ့၊ အထူးသဖြင့်
အထီးကျန် ဝေဒနာခံစားနေရတဲ့အချိန်တွေမှာတဲ့လေ…အဲဒီအခါမျိုးမှာဆိုရင်
သူမ၏ရင်ခွင်မှာ မှေးစက် ခွင့်ရခြင်းသည်ပင်လျှင် ဘုရားပေးတဲ့
ဆုလာဘ်တစ်မျိုးလိုပါပဲတဲ့… တစ်ချိန်တည်းမှာပဲ သူမရဲ့ အရက်စက်ဆုံး
ပြုစားချက်တွေကလည်း ထိုအချိန်တွင် ထွက်လာတတ်သည်တဲ့… အရာရာကို မေ့ပြီး
သူမရဲ့အလှတစ်ခုတည်းမှာပဲ စိတ်လွှတ်ကိုယ်လွှတ် ခံစားမည်ဆိုလျှင်တော့ သူမ၏
အရက်စက်ဆုံးနှင့် အပြောင်မြောက်ဆုံးပြုစားချက်တွေကြားမှာ
ရုန်းထွက်ခြင်းငှါ မစွမ်း သာတော့…သူမကို စွဲသွားကြသည်တဲ့၊
ပထမဆင့်အနေဖြင့် သူမ၏ ပြုစားမှုကို ခံရလျှင် လူက တဖြည်းဖြည်း
မောဟိုက်လာသည်၊ အခါတိုင်းလို စကားကို အကြာကြီး ပြောလို့မရ..
အသံကုန်ဟစ်၍မရ…ချွှဲတွေသလိပ်တွေက တစ်စခန်းထလာတတ်သည်၊ မျက်နှာပြင်တွေက လည်း
အခါတိုင်းနှင့်မတူ..ကြမ်းလာသည်ဟု ထင်လာရသည်၊ လူကလည်း နည်းနည်းတော့
အိုစာသွားသလို နှုတ်ခမ်းတွေဟာဆိုရင်လည်း အဆိပ်မိခံထားရသလို
တဖြည်းဖြည်းချင်း ပြာနှမ်းလာသည်၊ သွားတွေဆိုလျှင်လည်း
မီးခိုးမှိုင်းတိုက်ခံထားရသလို မဲတူးလာသည်၊ အဲဒါဟာ သူမရဲ့ ပထမဆင့်
ပြုစားချက်တွေတဲ့.. ဒါပေမယ့် လူတိုင်းလိုလိုကတော့ သူမကြောင့်လို့
သံသယမ၀င်မိကြ…သူမဟာ သူတို့အတွက်တော့ အကောင်းဆုံး အဖော်မွန်ပါပဲ…
အချိန်တွေ ကြာလာသည်နှင့်အမျှ သူမကို ပို၍ ခုံမင်လာမိကြသလို
အချိန်တော်တော်များများကိုလည်း သူမနှင့်သာ ကုန်ဆုံးလာကြသည်၊ ထိုအခါ
သူမရဲ့ ပဉ္စလက်ဆန်ဆန် ပြုစားချက်တွေကြားမှာ လူက ရင်ပြည့်သလိုဖြစ်ပြီး
အစာကိုပင် ပုံမှန်မစားချင်တော့… အစာကို ပုံမှန်မစားတော့ ကိုယ်ခံအားက
နည်းလာသည်၊ အဲဒီအခါမျိုးမှာဆိုလျှင် အရင်က ခံနိုင်နေကျ အအေး သို့မဟုတ်
အပူကိုတောင် ခံနိုင်ရည်မရှိ ဖြစ်လာရသည်၊ နောက်တော့ လူက တဖြည်းဖြည်းနှင့်
ကိုယ်ခံအားကျဆင်းလာသည်၊ နေရင်းထိုင်ရင်း ရင်ဘတ်တွေကလည်း
အောင့်လာသည်တဲ့လေ…သူငယ်ချင်းရဲ့စကားကို နားထောင်ပြီး ကျွန်တော့်ရင်ဘတ်ကို
အလိုလိုစမ်းမိလျှက်သား ဖြစ်သွားသည်၊ အခုတလော ကျွန်တော့်ရင်ဘတ်တွေ
အောင့်နေသလိုပဲလေ.. ထိုအချိန်မျိုးတွင် တစ်ချို့သော လူတွေက အခြေအနေကို
ပြန်ဆန်းစစ်ပြီး သူတို့အပြုစားခံထားရပြီဆိုသည်ကို သိသွားကြပြီး သူမ၏
စက်ကွင်းက စောစောစီးစီး ရုန်းထွက်သွာနိုင်ကြသလို တစ်ချို့ကျတော့
အခြေအနေကို သိတာတောင် သူမ၏ ပြင်းထန်အားကောင်းလှသော ဆွဲဓာတ်အားတွေကြောင့်
သူမကို လှထိပ်ခေါင်တင်အဖြစ်မှ တပြားသားမှမလျှော့…သူတို့တွေအတွက် သူမသည်
ဆွဲဆောင်မှုပိုရှိလာပြီး ပို၍လည်း လှလာသည်တဲ့… ဒါဆိုရင်တော့
သူမရဲ့ပြုစားချက်တွေက ဒုတိယအဆင့်ကို ရောက်လာပြီတဲ့လေ…
အဲဒီအဆင့်မျိုးမှာမှ သူမရဲ့ စက်ကွင်းက ရုန်းမထွက်နိုင်လျှင်
နောက်ဆက်တွဲအခြေအနေကတော့ မကောင်းလှ၊ အထူးသဖြင့်
ဖျားနာသည့်အချိန်တွေမှာ…မတော်တဆ အခန့်မသင့်၍ အဖျားမိပြီဆိုလျှင်ပင်
သူမရဲ့အခန်းကဏ္ဍကပါလာသည်၊ လူက အခါတိုင်းလိုမဟုတ်… ချောင်းပါဆိုးလာသည်၊
ချောင်းဆိုးတိုင်းလဲ လူက အလွန်ပင် မောဟိုက်လာတတ်သည်၊ အဲလိုအခါမျိုးမှာ
ပယောဂဆရာပြလျှင်တော့ သက်သာရာရနိုင်သေးသည်တဲ့… ပယောဂဆရာတိုင်းလိုလို ကလည်း
အခြားကဝေများ၏ ပြုစားမှုကို မသိရင်သာနေမည်၊ သူမ၏ နာမည်ကြီးပြု
စားချက်များကိုတော့ အလွှတ်ရနေတတ်ကြသည်တဲ့.. ဒီတော့ သူတို့ပေးတဲ့ အကြံကလည်း
တစ်ယောက်နှင့်တစ်ယောက် ကွဲပြားမှုမရှိ…့ အသက်ရှည်ရှည်နေချင်လျှင် သူမကို
အဆက်ဖြတ်လိုက်ဖို့ပါပဲတဲ့လေ…..
ထိုအခြေအနေသည် အပြုစားခံထားရသူအဖို့လည်း အရေးအကြီးဆုံးအဆင့်ဖြစ်သွား
ပါပြီ… သူတို့တွေ တစ်ခုခုကိုတော့ ဆုံးဖြတ်ရတော့မည်… သူမနှင့်ပတ်သက်ပြီး
နောက်ဆုတ် မှာလား… ရှေ့တိုးမှာလား… သူမ၏ ပြုစားချက်တွေနှင့်
ဆင်ခြင်တုံတရားတို့ အားပြိုင်သည့်အခိုက်အတန့်
ဖြစ်သွားပါပြီ…ပြောရမည်ဆိုလျှင်တော့ ကိုယ့်အသက်နှင့် သူမ…တစ်ခုခုကို
ရွေးချယ်ရတော့မည်..ပုံမှန်အတိုင်းဆိုလျှင်တော့ ပြဿနာမရှိ… မည်သူမဆို
ကိုယ့်အသက်ကိုတော့ အရာအားလုံးထက် တန်ဘိုးထားကြသည်ချည်း ဖြစ်သည်၊ သို့သော်
အခုအခြေအနေက ပုံမှန်မဟုတ်… ကြိုးကုန်ကဝေမတစ်ယောက်၏ ပြုစားမှုတွေထဲမှာ
ဆင်ခြင်တုံတရား.. အသိဥာဏ်တရားတွေဆိုသည်က ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်
ဖြစ်နေသည်၊ ရုန်းထွက်သွားနိုင်လျှင်တောင် သူမ၏ အားကောင်းမောင်းသန်
ပြုစားချက်မိခံထားရသူတစ်ယောက်အဖို့ ပုံမှန်အနေအထား ပြန်ဖြစ်မယ်လို့တောင်
အာမခံ၍မရ.. ရုန်းမထွက်နိုင်လျှင်တော့ အဖြေက ရှင်းသည်၊
သွားရမည့်လမ်းအတွက်လည်း တွေဝေစရာမရှိ…နှေးရင်သာ နှေးမည်၊ မြန်ရင်သာ
မြန်မည်၊ လမ်းကတော့ တစ်လမ်းတည်းပါပဲ…အဲဒီလမ်းကတော့ သေလမ်း… သို့သော်
ထိုသူများအဖို့ ကံကောင်းသည့်အချက်မှာ လူတစ်ယောက်အတွက်
အရေးအကြီးဆုံးဖြစ်သည့် ရွေးချယ်ခွင့်ရှိ နေသည့်အချက်ပဲဖြစ်သည်၊
လူတစ်ယောက်အတွက် ရွေးချယ်စရာမရှိတော့ဘူးဆိုလျှင်
သေသည်နှင့်ဘာများခြားဦးမည်နည်း၊ သို့သော် စွဲလန်းမှုဆိုသည်ကလည်း
လူတစ်ယောက်ကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်သည့်အရာမျိုး ဖြစ်သည်၊
အရာတစ်ခုခုကို တရားလွန်စွဲလမ်းမိပြီဆိုလျှင် သာမာန်လူတစ်ယောက်
မြင်နိုင်တဲ့အရာတွေကိုတောင် မြင်နိုင်စွမ်းမရှိတော့… အခု
ဒီလူတွေကိုပဲကြည့်… ကိုယ့်အခြေအနေကို ကိုယ်သိပြီး ဒုက္ခရောက်နေတာတောင်
အသက်ထက် သူမကိုသာ ရွေးခြယ်သွားခဲ့ကြသည့် လူတွေကလည်း အများကြီးပဲတဲ့လေ…
ဒါပေမယ့် ပေးဆပ်မှုနှင့် ရလာဒ်မတန်ဟု ဆိုရလောက်အောင်ပင် အဖြစ်ဆိုးတွေက
ရှေ့တွင်ဆက်တိုက်...သူတို့တွေရဲ့ အချစ်ကြီးမှုကို
အသိအမှတ်ပြုသည့်အနေဖြင့်….သူမ ပြန်ပေးသည့်အရာက ဝေဒနာဆိုတဲ့လက်ဆောင်ပါပဲ…
သူတို့တွေအားလုံး သူမပေးတဲ့ဝေဒနာတွေကို အလူးအလဲခံစားရပြီး ဘ၀ကို
အဆုံးသတ်သွားကြရသည်တဲ့… ထိုအခြေအနေသည် ကဝေပျိုတစ်ယောက်အဖို့
စိတ်ကြိုက်အဖြစ်ရဆုံးသော အခြေအနေလည်း ဖြစ်လာပါသည်၊ အဘယ့်ကြောင့်ဆိုသော်
ထိုသူများသည် သူပြုသမျှ နုရမည့် အခြေအနေသို့ ရောက်နေပြီမဟုတ်ပါလော့…
ထိုအချိန်မျိုးတွင် သူမသည် သူမ၏ ပြောင်မြောက်၍ ရက်စက်သော
သတ်နည်းအဖုံဖုံကို ဗျူဟာစုံခင်း၍ လူတွေရဲ့ဇီဝိန်ကို ခြွေတော့သည်၊
ထိုအခြေအနေကို ကမ္ဘာပေါ်ရှိ အတော်ဆုံးဆိုသော ပယောဂဆရာသည်လည်း
လက်မှိုင်ချကြည့်နေရုံမှတပါး အခြားမရှိ..
သူမသည် အချို့ကို အဆုတ်ကို ဖျက်ဆီးပြီး သတ်ပစ်သလို အချို့ကိုတော့
အစာအိမ်ကို ရစရာမရှိအောင်လုပ်ပြီး သတ်ပစ်တတ်သည်၊ မသတ်သေးဘဲ လူကို
လေဖြတ်အောင်လုပ်ပြီးလည်း ညှဉ်းဆဲထားတတ်သေးသည်တဲ့… တစ်ရံတစ်ခါ
ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးဖြစ်သော အသက်ရူလမ်းကြောင်းကိုလည်း
ဒုက္ခပေးထား တတ်သည်တဲ့…သို့သော် သူမ၏ သတ်နည်းသေနည်းဗျူဟာများသည်
ထိုမျှဖြင့် အဆုံးသတ်မသွားသေး…ကဝေတစ်ယောက်၏ အကြင်နာမဲ့သော ပဉ္စလက်ဆန်ဆန်
ရက်စက်မှုများက မြင်ရသူတိုင်း စိတ်မသက်သာဖွယ်… သူမသည် ထိုသူတို့၏ ခြေ၊လက်
တွေကိုလည်း ပုတ်သွားအောင် လုပ်ချင်လုပ်သလို ပြတ်သွားအောင်လည်း
လုပ်ချင်လုပ်သည်၊ နှလုံးရောဂါရအောင် လုပ်ပြီး ခံစားမှုမှန်သမျှ
ထိန်းချူပ်နေရအောင်လည်း လုပ်သည်၊ နှလုံးသွေးကြောကိုလည်း
ကျဉ်းအောင်လုပ်သည်၊ သွေးကိုလည်း တိုးအောင်လုပ်သည်၊ တိုးရုံသာမက
ဦးနှောက်သွေးကြောပေါက်အောင်လည်း လုပ်သည်… သူငယ်ချင်း ပြောတဲ့အတိုင်းဆို
အများကြီးပါပဲ…သူငယ်ချင်း၏ ပုံပြင်ကို နားထောင်ရင်း ကျွန်တော့်မှာ
ကျောစိမ့်သလိုတောင် ဖြစ်နေသည်၊ နောက်ပြီး ဒါဟာ ပုံပြင်မှဟုတ်ပါလေစ…
ပုံပြင်ထဲက တစ်ချို့သော အဖြစ်အပျက်တွေက ကျွန်တော်လက်ရှိ ခံစားနေရသော
ဝေဒနာတွေနှင့် ထူးထူးခြားခြား စွပ်ချွတ်နီးပါး တူနေသည်၊
သူငယ်ချင်းက “ငါ ဒီပုံပြင်ကို အဆုံးသတ်လိုက်တော့မယ်ကွာ… နောက်ပီး
အခုအရေးအကြီးဆုံးအချက်ကိုလည်း မင်းကို ပြောပြမယ်…’ မင်းကို ဒီစကား
ပြောဖို့ ငါစောင့်နေခဲ့တာကြာပြီ…”ဟု ပြောပြီး စကားကို ဆက်မပြောသေးဘဲ
တစ်ချိန်လုံး သူ့ပုံပြင်ကိုသာ အင်းမလုပ်အဲမလုပ် နားထောင်နေသော
ကျွန်တော့်ကို စိုက်ကြည့်ပြီး… “မင်း အဲကဝေမကို မမြင်ဖူးချင်ဘူးလား” ဟု
ရုတ်တရက် ကျွန်တော့်ကို မေးသည်၊ ကျွန်တော်က
“မမြင်ဖူးချင်ပါဘူးကွာ…ကြားရတာနဲ့တင် ကြောက်လွန်းလို့…”ဟု
ဖြေလိုက်သည်တွင်… “အေး…မင်းကသာ မမြင်ချင်ဘူးပြောနေ…သူကတော့ မင်းအနားမှာ
တစ်ချိန်လုံးရှိနေ တာပဲကွ…” ဘုရား….ဘုရား…ကျွန်တော့်နားမှာ
တချိန်လုံးရှိနေတယ်ဆိုပါလား… ကျွန်တော့်နားမှာ တစ်ချိန်လုံး
ရှိနေတာဆိုလို့….. သူမ…သူမ..တစ်ယောက်တည်းပဲရှိသည်၊ ကျွန်တော်
နေမကောင်းဖြစ်တယ်ဆိုကတည်းက သတင်းမေးလာတဲ့ လူတိုင်းလိုလိုကလည်း
သူမကိုတစ်လှည့် ကျွန်တော့်ကို တစ်လှည့်ကြည့်ပြီး ပြန်သွားကြသည်ချည်း
ဖြစ်သည်၊ နောက်ပြီး သူတို့တွေ ပြောတဲ့စကားကလည်း “မင်း သူ့ကို သတိထားပါ”
တဲ့လေ၊  မဖြစ်နိုင်ပါဘူးလေ… ဘုရားသိကြားမလို့….ဖြစ်လည်း မဖြစ်ပါစေနဲ့….
“အဲလောက်ဆို မင်းသဘောပေါက်လောက်ပြီလို့ ထင်တယ်… ရုတ်တရက်ဆိုတော့
မင်းအတွက် လက်ခံဖို့ ခက်ခဲနေမှာပေါ့ကွာ.. ဒါပေမယ့် မင်းလက်ခံခံ မခံခံ
မင်းအခု သူ့ရဲ့ ပြုစားချက်တွေကို ခံထားရပြီဆိုတာတော့ အသေအချာပဲကွ…မင်းအခု
ရင်ဘတ်တွေ အောင့်နေတယ်…ချောင်းတွေလဲ ဆိုးနေတယ်…
ချောင်းခဏကလေးဆိုးလိုက်တာနဲ့ မင်းမော နေတယ်…ထမင်းကိုလဲ အခါတိုင်းလို
မစားနိုင်ဘူး…ဒါကို ငါပြောစရာမလိုပါဘူး… မင်းခံစား နေရတာ မင်းက
ပိုသိပါတယ်ကွာ…မင်း အသေအချာ စဉ်းစားပေါ့ကွာ…မင်းအတွက် အချိန်တွေ
အများကြီးရှိပါသေးတယ်…နောက်ပီးတော့ကွာ… မင်းအနေနဲ့ ငါပြောတာ မယုံရင်
သူ့ကို ကိုယ်တိုင်မေးကြည့်နိုင်တယ်..”ဟုပြောပြီး ပြန်သွားလေသည်။
ဒီတစ်ခါတော့ သူမနှင့်ပတ်သက်ပြီး ကျွန်တော့်အတွက် စဉ်းစားစရာတွေ
ဖြစ်လာရပြီ...အထူးသဖြင့် သူငယ်ချင်းရဲ့ “မင်း မယုံရင် သူကို ကိုယ်တိုင်
မေးနိုင်တယ်” ဆိုတဲ့စကားပါပဲ… သူမှန်ကန်တယ်ဆိုတာ ပြသဖို့ ဒီထက်ကောင်းတဲ့
သက်သေပြချက်မရှိသလို ကျွန်တော့်အတွက်လည်း ကျွန်တော့်ရဲ့အချစ်တွေအတွက်
သိရမှဖြစ်မည်၊ သူမကို ကျွန်တော် စွဲလမ်းခဲ့ရတာတွေဟာ သူမရဲ့
ပြုစားချက်တွေလား… ဒါပေမယ့် အခြေအနေက မေးစရာလည်း
မလိုလှတော့…သူပြောခဲ့တာတွေကို ကျွန်တော်မငြင်းနိုင်ခဲ့ဘူးလေ…
သူပြောတဲ့အတိုင်းလည်း ဟုတ်နေသည်၊ သူမနှင့် ချစ်သူတွေ မဖြစ်ခင်က
ကျွန်တော့်တွင် ယခုကဲ့သို့သော ကျမ္မာရေးပြဿနာမရှိခဲ့စဖူး… ဖျားရင်လည်း
ဆေးသောက်လိုက်လျှင် ပျောက်သည်၊ ချောင်းတွေလည်းမဆိုး..မောလည်း မမော…
ရင်ဘတ်တွေလည်း မအောင့်…ဒါဆို သူမကို နှစ်နှစ်ခြိုက်ခြိုက်
နမ်းရှိုက်လိုက်တိုင်း ကျွန်တော့်ရင်ဘတ်တွေ ပိုပြီးအောင့်လာ
တတ်တာ…သူမနှင့် အနေများလေလေ ကျွန်တော့် ရင်တွေ ကြပ်လေလေဖြစ်လာ
တတ်တာ....၀က်ခြံပင်လျှင် မပေါက်ဖူးပါပဲလျှက် ကျွန်တော့်မျက်နှာ
တစ်နေ့တခြား ကြမ်းကြမ်းလာတာ…ဒါဆို…..သူမဟာ တကယ်ပဲ………ကျွန်တော်
သက်ပြင်းအကြိမ်ကြိမ် ချလိုက်မိသည်၊
မနက်မိုးလင်းလို့ ပြတင်းတံခါးကို
အခါတိုင်းလိုပဲဖွင့်…မျက်စိတစ်ဆုံးမြင်နေရတဲ့
မြက်ခင်းပြင်စိမ်းစိမ်းကြီးကိုလည်း အခါတိုင်းလိုပဲ ကြည့်နေမိ..ဒါပေမယ့်
အခါတိုင်းလိုတော့ မြက်ခင်းပြင်ကြီးကို ကျော်ဖြတ်ပြီး ကျွန်တော့်အတွေးတွေ
မကွန့်မြူးနိုင်တော့… အခါတိုင်းလိုလည်း အတွေးတွေကို စိမ်ပြေနပြေ
ဆွဲဆန့်ခြင်းငှါ မစွမ်းနိုင်တော့.. အနားမှာ အခါတိုင်းလို
သူမရှိတော့ဘူးလေ… ရင်ထဲမှာ ဟာတာတာတော့ ဖြစ်နေသည်၊ သူမကို ရုတ်တရက်
မေ့လိုက်ဖို့ဆိုတာ တကယ်တော့ မလွယ်လှ… စာရွက်ထဲမှာတောင် သစ္စာတရား
ဆိုတာတွေက ခေါင်းပါးနေတဲ့ခေတ်မှာ ကျွန်တော်တို့ကတော့ ငါးနှစ်တိုင်တိုင်
မယိုင်မလဲ မပြောင်းလဲတဲ့အချစ်များစွာနဲ့….ခုတော့လဲ အားလုံးကို အတိတ်မှာ
ထားခဲ့ရတော့ မည်…သူမကျွန်တော့်ကို
လှည့်စားခဲ့တာလား…ရက်စက်ခဲ့တာလား….သရုပ်ခွဲမနေချင်တော့… သူမနှင့်
ပတ်သက်တဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြင်လို့မဖြစ်…နောက်ပြီး သူမအတွက်
ကျွန်တော်မရှိလို့ ဘာမှမဖြစ်… ဒါကို ကျွန်တော်သိခဲ့ရပြီးပြီ…သူမ
မရှိတော့တဲ့ ဘ၀မှာသာ ကျွန်တော်ဘယ်လို ရှေ့ဆက်ရမလဲ…စဉ်းစားရဦးမည်…သူမကို
နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်မိသည်… သူမကတော့ အခါတိုင်းလိုပဲ
ကျွန်တော့်ဘေးမှာ…နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း…သူမ၀တ်နေကျအတိုင်း
အ၀ါရောင်စကတ်…အဖြူရောင် အကျီင်္လက်ပြတ်နှင့်… စွဲမက်ဖွယ်…
အလှအပတွေနှင့်အတူ…ကျွန်တော့်ကို ဆွဲဆောင်ဆဲ… ကျွန်တော် မီးခြစ်ကို
ကောက်ကိုင်လိုက်သည်၊ ပြီးတော့ သူမရဲ့ လက်ကိုကိုင်
မီးညှိလိုက်ပြီး…နောက်ဆုံးအကြိမ် သူမရဲ့…ရနံ့တွေကို… နမ်းရှိုက်လိုက်သည်…
ဒါဟာ တကယ်ပဲ နောက်ဆုံးလား…..အင်းလေ… အခုလို လုပ်ရတာ ခက်ခဲပေမယ့်…
မှန်ကန်ပါတယ်… လုပ်ရက်လိုက်တာလို့ မင်းကို မပြောချင်တော့ပါဘူး…မင်း
ကိုယ့်ကို ဒဏ်ရာတွေပေးလိုက်တာတော့ အမှန်ပါပဲ…ဒါပေမယ့် မင်းကြောင့်
ကိုယ်ပျော်ခဲ့ရဖူး တယ်လေ…အခုတော့ မင်းပေးလိုက်တဲ့ ဒဏ်ရာတွေကို ကုစားဖို့က
မင်းကို ဝေးလိုက်ဖို့မှတပါး….
(၀န်ခံချက်။ ။သူငယ်ချင်း အင်းတော်မောင်ကု ၏ ကိုယ်တွေ့ဖွင့်ချမှုအား ပြန်လည်မျှဝေပါသည်။)


ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကဗျာပေါ်အမြင်

ကဗျာကဏ္ဍမှာ ပထမဆုံးပို့စ်အနေနဲ့ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကဗျာအပေါ်အမြင်လေးနဲ့ စဖွင့်ပေးလိုက်ပါတယ်။
ဒေါ်စု ကကျွန်မ က ကဗျာဆရာမဟုတ်ပါဘူး။ ကဗျာလေးတစ်ပုဒ်  ရေးပေးပါဆိုတော့ ကဗျာကို မြတ်နိုးတန်ဖိုးထားသူ တစ်ယောက်အနေနဲ့ပဲ ကဗျာပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့ ရေးလိုက်ပါတယ်။
ကဗျာဆိုတာ ......
လူ့စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ၊
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊
လူ့စိတ်ဓာတ်ရဲ့မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ....
ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။
လို့ ချစ်စဖွယ် ဟစ်ကြွေးပြခဲ့ပါတယ်။